အမျိုးသမီးတွေရဲ့ ထဘီတန်းအောက်ကိုဝင်ရင် ဘုန်းနိမ့်တတ်ပါသလား

အမျိုးသမီးတွေရဲ့ ထဘီတန်းအောက်ကိုဝင်ရင် ဘုန်းနိမ့်တတ်ပါသလား
အမျိုးသမီးတွေရဲ့ ထဘီတန်းအောက်ကိုဝင်ရင် ဘုန်းနိမ့်တတ်ပါသလား

အမျိုးသမီးတွေရဲ့ ထဘီတန်းအောက်ကိုဝင်ရင် ဘုန်းနိမ့်တတ်ပါသလား

” နိမ့်တယ်ထင်ရင် နိမ့်ပါတယ် ၊ မနိမ့်ဘူးထင်ရင် မနိမ့်ပါဘူး” ဘာကြောင့်လဲဆိုတော့ ထဘီကြောင့် နိမ့်တာ မဟုတ်ပဲ ” ထင် ”ဆိုတဲ့ ဥပါဒါန်ကြောင့်သာ နိမ့်သွားတယ်လို့ထင်တာပါ …”

” ပိတ်စတစ်ခုပဲဖြစ်တဲ့ ထဘီလို နူးညံ့တဲ့ပိတ်စ တစ်ခုဟာ သင့်ကိုဘယ်လိုများဒုက္ခရောက်စေမလဲ။

ဘုန်းနိမ့်တယ် ဆိုတာက သင်ထင်သလိုမဟုတ်ပြန်ဘူး။ “ဘုန်းနိမ့်ပြီဟဲ့”ဆိုတဲ့

သင့်ရဲ့ ခံစားချက်ဟာ negative feeling ဘက်ကိုရောက်သွားတယ်။ စိတ် အလိုမကျဖြစ်စေတယ်။

စိတ်ကို နောက်ကျိစေတယ် ၊ အဲဒါဟာ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးကျဆင်းခြင်း ၊ စိတ်ပိုင်းဆိုင်ရာ ဘုန်းနိမ့်ခြင်းပါပဲ ”

” ဒါဆို အရှင်ဘုရားအနေနဲ့ ဝင်ခဲ့မိရင်ရော နိမ့်မှာလား ”

” အဓိပ္ပာယ်မဲ့ ထဘီတန်းအောက်ဝင်ဖို့တော့ စိတ်ကူးမရှိပါဘူး၊ လိုအပ်ခဲ့လို့ ဝင်ရပြီ ဆိုလည်း ဘုန်းနိမ့်တယ်လို့ မယူဆပါဘူး ။

ရဟန်းတစ်ပါးရဲ့ အစွမ်းအစဖြစ်တဲ့ သီလသမာဓိပညာဟာ ဒီထဘီတန်းကြောင့်တော့ ကျဆင်းစရာ မရှိပါဘူး ”

” သင်္ကန်းဟာ မြင့်မြတ်ပါသလားဘုရား.”

” သင်္ကန်းကမြင့်မြတ်တာမဟုတ်ပဲ သင်္ကန်းဝတ်ဆင်ရခြင်း ရည်ရွယ်ချက်က မြင့်မြတ်နေတာပါ ဒကာ ”

” ဘာရည်ရွယ်ချက်မို့လို့လဲဘုရား ”

” ရောင့်ရဲ ခြိုးခြံလိုခြင်း ”

” တပည့်တော် ကြားဖူးတာက မိန်းမဟာ ဘုန်းကံနိမ့်တဲ့အတွက် မိန်းမ အောက်ပိုင်းဝတ်တဲ့ ထဘီတန်းအောက်ဝင်ရင် ဘုန်းနိမ့်တယ်လို့ ကြားဘူးထားပါတယ်ဘုရား ”

” ဘုန်းဆိုတာကို ရှင်းမှ ရတော့မယ်ဒကာ ၊ဘုန်းဆိုတာအကျိုးသဘောတရားပါ။ အစွမ်းအစလည်းဖြစ်တယ်။ အားသာချက် လည်းဖြစ်တယ် ဒကာ။ အကျိုးသဘောတရားပေါ့။

ဒါဟာအကြောင်းတရား လုပ်ဆောင်ချက်ကို မူတည်ပြီး အကျိုးတရား ဘုန်းကံရယ်လို့ ဖြစ်လာတယ် ”

” အလေးမခြင်း အကြောင်းဟာ သန်မာခြင်းအကျိုးကိုရမယ်။ သန်မာခြင်းဟာ ဘုန်းပဲ။ ဖော်ရွေပျူ ငှာခြင်းအကြောင်းဟာ လူချစ် လူခင်များခြင်း အကျိုးကိုရမယ်။

ဒီလူချစ်လူခင်များခြင်းဟာ ဘုန်းပဲ။ ထဘီတန်းအောက်ဝင်ခြင်း အကြောင်းကြောင့် ဘယ်အကျိုးများ ထိခိုက်စေသလဲ။ ဒကာတွေးကြည့်ပါ။ ရက်ကြာကြာဝတ်ပြီး

မလျှော်ရသေးတဲ့ ထဘီဆိုရင်တော့ အနံ့အသက်ဆိုးတဲ့ ဝေဒနာကို ရချင်ရမှာပေါ့ ”

” ဘုန်းဘုန်း ခုနကပြောတယ် နိမ့်တယ်ထင်ရင် နိမ့်တယ်ဆို ”

” ဒါဟာ ထဘီတန်းအောက်ဝင်ခြင်းကြောင့် နိမ့်တာမဟုတ်ဘူး နိမ့်တယ်လို့ ထင်မိတဲ့ ဥပါဒါန်အကြောင်းကြောင့်ပဲ။ စိတ်မသက်မသာ ခံစားရတယ် မဟုတ်လား။

ဒါ သက်တောင့်သက်သာစိတ် ပျက်စီးသွားခြင်းပေါ့။ စိတ်သက်တောင့် သက်သာဖြစ်တာ မကောင်းဘူးလား”

” ကောင်းပါတယ်ဘုရား ”

” မိမိပိုင်ဆိုင်ထားသော ကောင်းသောအရာတစ်ခု ပျက်စီးယုတ်လျော့ခြင်းဟာ ဘုန်းနိမ့်ခြင်းပါပဲ ”

” ရှေးအဆက်ဆက်က ဒီလိုပဲပြောလာကြတာဘုရား… အရှင်ဘုရားလည်း သိမှာပါ ထဘီတန်းအောက်ဝင်ရင် ဘုန်းနိမ့်တယ်ဆိုတာ ရှေးကတည်းက အယူအဆပါ ”

”ဗုဒ္ဓက ကာလာမသုတ်ကိုဟောတယ် ရှေးကပြောတဲ့စကားမို့လို့လည်း အမှန်မယူလေနဲ့တဲ့ ”

” ရှေးထုံးကပယ်သင့်သလားဘုရား ”

” ပယ်သင့်ခြင်း မပယ်သင့်ခြင်းဟာ ရှေးထုံးတွေ ဒီနေ့ခေတ်ထုံးတွေပေါ်မှာမမူတည်ပါဘူး။ အမှန်အမှားပေါ်သာ မူတည်ပါတယ်။ မှန်ရင် ယူမယ် မှားရင် ပယ်မယ် ။

အမှန်အမှားကို ခွဲခြားဖို့ သင့်မှာ ဉာဏ်ရည်ရှိတယ်၊ ဆင်ခြင်နိုင်စွမ်းလည်းရှိတယ် … သင်တွေးကြည့်ပါ ထဘီအောက်ဝင်ရင် ဘယ်လို အစွမ်းအစမျိုး ကျဆင်းနိုင်ပါသလဲ ”

” မရှင်းတာတွေမေးဦးမယ်ဘုရား ”

” မေးပါ ဒကာ ”

” တပည့်တော် တစ်နေ့ကားစီးတော့ ဘုန်းကြီးတစ်ပါးဘေးမှာ ထိုင်ဖြစ်တယ်၊ အဖွားအို တစ်ယောက်တက်လာတော့ ကျနော်ကနေရာပေးတယ် အဖွားအိုက ငြင်းတယ်၊

ဘုန်းကြီးဘေးမို့မထိုင်ရဲဘူးတဲ့ ဘုရား ” ကားပေါ်မှာ သံဃာတော်ကို ဦးစားပေးတဲ့အယူအဆကို မှန်တယ်လို့ အရှင်ဘုရားမြင်မိလား ”

”ထိုင်ခြင်း ထခြင်းနှစ်မျိုးမှာ ထိုင်ခြင်းက ပိုသက်သာတယ်ဒကာ။ ထခြင်းဟာ ပို အားစိုက်ရတယ်။ ဒီလိုဆိုတော့ အင်အား နည်းပါးသူဟာ ထိုင်ဖို့ ပိုလိုအပ်တယ်။

ဒါကြောင့် အင်အားနည်းသူကို ဦးစားပေးရမယ်။ အကယ်၍အင်အားရှိသူချင်း ယှဉ်လာရင် အိနြေ္ဒပိုထိန်းရသူကို ဦးစားပေးမယ်… ကားအလှုပ်မှာ ယိုင်ထိုးနေမယ် ဆိုရင် အိနြေ္ဒထိပါးတယ်။

သဘောက ကလေးချော်လဲတာ ရုပ်မပျက်ပေမယ့် လူကြီးချော်လဲတော့ ရုပ်ပျက်တယ်။ ဒါကြောင့် ကျန်းမာရေးကြောင့် အင်အား နည်းသူ အသက်အရွယ်ကြောင့်အင်အားနည်းသူကို

ဦးစားပေးပြီးရင် အိနြေ္ဒဆောင် ရဟန်းသံဃာကိုလည်း ဦးစားပေး သင့်ပါတယ် ”

” ရဟန်းထက် ပိုဦးစားပေးရတာ ရှိတဲ့သဘောပေါ့ ”

” အကြောင်းအရာပေါ်မူတည်ပြီး ဗုဒ္ဓထက်ကို ပိုဦးစားပေးရတာတွေ ရှိပါတယ် … အားလုံးဟာ ဆင်ခြင်တုံတရားနဲ့ တွေးရင် အဖြေထွက်ပါတယ်ဒကာ ”

” ဘုန်းကြီးပုံစံက ရှေးရိုးစွဲ ဗုဒ္ဓဘာသာနဲ့ မူကွဲနေသလိုပဲ ”

” ကွဲဖို့လည်း ကြိုးစားခြင်းမဟုတ်သလို တူဖို့လည်း ကြိုးစားနေခြင်းမဟုတ်ပါဒကာ။ ရှေးရိုးကို စွဲပြီဆိုရင် ဗုဒ္ဓဘာသာရယ်လို့မခေါ်ပါဘူး။ ဘာကိုမှ စွဲနေလို့မရဘူးဒကာ။

ဘုန်းဘုန်းတို့က ထေရဝါဒဆိုတဲ့ ခေါင်းစဉ်အတွင်းမှာ နာမည် တပ်ခံထားရတယ်။ ဒကာက ဘုန်းဘုန်းလို့ခေါ်တယ်။ ဒီပညတ်တွေကို အသည်းအသန် ငြင်းဆန်ဖို့မလိုလို့

ဒီအတိုင်း လက်ခံထားတယ်.။ ဇာတကဝတ္ထုတွေ ဇာတ်ကြီးဆယ်ဘွဲ့တွေသင်ကြားရတယ် ”

”ဒါကို သင်ကြားရခြင်းကို ရှေးရိုးစွဲပါလို့ လာပြောလို့မရဘူး အကြောင်းအရာကိုတော့ တူညီစွာသင်ခဲ့ရတယ်။ သဘောတရားကိုတော့ တစ်ဦးတစ်ယောက်ချင်းစီရဲ့

ဆင်ခြင်တုံတရားနဲ့ ယူပါတယ်။ မဟာဇနက တကယ် လက်ပစ်ကူးခဲ့ မကူးခဲ့ဆိုတာကို ဘုန်းကြီးမတွေးဘူး ဘာ message ပေးသလဲဆိုတာကို ဘုန်းကြီးယူတယ်။

” မသေမချင်း အလျှော့မပေးနဲ့” ဆိုတဲ့ message …. ဝမ်းဝအောင်စားတယ်။ ခါးဝတ်ကို ရေမဝင်အောင် ဆီသုတ်တယ်။ ခါးဝတ်ကို သက်ကယ်ဘောလို လုပ်ပြီး

ရှင်သန်ခွင့် ရှိသမျှ ရှင်သန်ဖို့ ကြိုးစားတယ်။ မေခလာနဲ့ တွေ့တာ မတွေ့တာနောက်ထား … သင်္ဘောပေါ်မှာ ဇနက အသက် အရှည်ဆုံးပဲမဟုတ်လား။ survival ရနိုင်သမျှ ရအောင် ရှင်သန်ရဲရမယ် ”

” သုတ္တံတွေဟာ ဥပမာဆောင်ပြီး ဟောတဲ့တရားပါ။ အီစွပ်ပုံပြင်တွေဟာ တကယ့်ဖြစ်ရပ်မဟုတ်သည့်တိုင် ယူစရာ message တွေရှိရဲ့မဟုတ်လားဒကာ ”

” ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးက မဟာဇနကဇာတ်ကို တကယ်ဖြစ်ခဲ့ မဖြစ်ခဲ့မတွေးဘူးဆိုတော့ ဒီစကား တာဝန် မကြီးဘူးလားဘုရား ”

” ဗုဒ္ဓဘာသာမှာ ဘယ်သူကမှ ကျမ်းဂန်လာတွေကို ယုံကိုယုံရမယ်ဆိုတဲ့ တာဝန်ရှိမနေဘူးဒကာ။ ယုံခြင်းမယုံခြင်းဟာ မိမိအခွင့်အရေး၊ ယုံခြင်း၏ကောင်းကျိုးလည်း မိမိစံ၊

ယုံခြင်း၏ဆိုးကျိုးလည်း မိမိခံ ဒါမျှတပါတယ်။ လေ့လာကြည့်ပါ ၊ ကိုယ်ယုံတာကို သူများလည်းယုံစေလိုတဲ့ အရေးအသားတွေမြင်ရမယ်။ ကိုယ်ကြည်ညိုရာကို

သူများလည်း ကြည်ညိုစေလိုတဲ့ အရေးအသားတွေမြင်ရမယ် ။ ဒါဟာ အနုမာနသဘောလည်းဖြစ်မယ် ။ ကိုယ့်ဘာသာဝင်ကို များစေချင်တဲ့ လောဘလည်း ဖြစ်မယ် ။

ဒါမှမဟုတ် ကောင်းရာသို့ အကြံပြု လိုတဲ့ မေတ္တာလည်း ဖြစ်မယ် … ။” အတ္တာဟိအတ္တနောနာထော၊ သင်ဘယ်လိုယူမလဲ ဘယ်လိုဆင်ခြင်မလဲ။ ဒါသင့်အပေါ်ပဲမူတည်တယ် ”

”တင်ပါ့ဘုရား” နားလည်ပါပြီ ဘုရား … ” ” သာဓု သာဓု သာဓု ……….” ပါမောက္ခချုပ်ဆရာတော်ဘုရား

Credit – Original Uploader

Be the first to comment

Leave a Reply

Your email address will not be published.


*