ဆေးဖက် အရမ်းဝင်တဲ့ ကျောက်သင်ပုန်းပင် /နတ်သမီးကွမ်းရွက်၊ နတ်သမီးကွမ်းတံတွေးပင်၊ ရေကြည်ပင် အကြောင်း သိကောင်းစရာ

ဆေးဖက် အရမ်းဝင်တဲ့ ကျောက်သင်ပုန်းပင်
ဆေးဖက် အရမ်းဝင်တဲ့ ကျောက်သင်ပုန်းပင်

ဆေးဖက် အရမ်းဝင်တဲ့ ကျောက်သင်ပုန်းပင် /နတ်သမီးကွမ်းရွက်၊ နတ်သမီးကွမ်းတံတွေးပင်၊ ရေကြည်ပင် အကြောင်း သိကောင်းစရာ

ရုက္ခအမည်: Peperomia pellucida Kunth၊ Family: Piperaceae၊ Eng names : pepper elder, shining bush plant, and man to man။

ကျနော်တို့ မနက်တိုင်း ထိုင်သောက်လေ့ရှိသည် လက်ဘက်ရည်ဆိုင်ဘေးမှာ ကုက္ကိုပင်ကြီးရှိသည်၊ ကုက္ကိုပင်ကြီးပင်စည်ပေါ်မှာ ကပ်ပြီး ဒီအပင်လေးတွေ အုပ်စုလိုက်ပေါက်သည်။ မြန်မာလို ကျောက်သင်ပုန်းပင်ခေါ်သည်။

စွတ်စိုထိုင်းမှိုင်းပြီး အရိပ်အာဝါသ ကောင်းသော နေရာတိုင်းမှာ ဒီအပင်ကိုတွေ့ရသည်၊ ယခုလည်း စံရိပ်ငြိမ် လမ်းကြားထဲဖြတ်လာစဉ် နံရံပေါ်မှာပေါက်နေသော ကျောက်သင်ပုန်းပင်လေးတွေတွေ့လို့ ပါလာသော ph camera လေးဖြင့် မှတ်တမ်းတင်မိသည်၊ ထို့ပြင် စမ်းချောင်းများ၏ ဘေးတလျှောက်မှာလည်း အရိုင်းပေါက်ပင်အဖြစ်တွေ့နိုင်သည်၊

ငယ်စဉ်ဘဝ မူလတန်း တက်လျှင် ယခုကလေးတွေလို စာအုပ် ဘောပင်နဲ့ မဟုတ်၊ ကျောက်သင်ပုန်းကိုသာ သုံးခဲ့ရသည်၊ ကျောက်တန်ကို ချွန်နေအောင် စိတ်ရှည်ရှည်ထားကာ သွေးရသည်။ ဝ လုံးလေးဝိုင်းဝိုင်းရေးရသည်၊ ဆရာက မှန်လျှင်မြေဖြူခဲနှင့် ဘောင်ပေါ်တွင်ခြစ်ပေးလိုက်သည်။

ရမှတ်အမှန်ကို မပျက်အောင် အိမ်ကို သယ်ရတာ အမော၊ ရေးပြီးသား စာတွေဖျက်လျှင် ရေနှင်ဖျက်၍ရသည်၊ ပိုပြီးကောင်းတာက ဒီအပင်ကအရွက်ပါဘဲ၊ ဒီ အရွက်နဲ့ဖျက်လိုက်ရင် လုံးဝ သန့်သွားပြီး နောက်စာလုံးများရေးဖို့ အသင့်ဖြစ်လို့နေသည်။

ဒါ့ကြောင့်လည်း ဒီအပင်ကိုမှတ်မိနေတာပါ။ ပေးထါးသည့် အမည် ကျောက်သင်ပုန်းပင် ဆိုတာနဲ့လိုက်ဖက်လှသည်။ အပင်က ၆ လက်မလောက်သာမြင့်သော တနှစ်ခံ ပင်ပြော့ လေးတွေဖြစ်သည်။ အမြစ်က တိမ်သော shallow-rooted အပင်မျိုး ဖြစ်သည်။

ထူးခြားတာက အရည်ရွှမ်းနေပြီး ထုတ်ခြင်းခတ်မြင်ရသော succulent stems ပင်စည် ဖြစ်သည်။ အရောင်ပြောင်လက် သော နှလုံးပုံစံ အရည်ရွှမ်းသည့် အရွက်များရှိပါသည်။ pellucida ဆိုသည်မှာ အစက်အမှုံများကို ဆိုလိုသည်။

ပန်းခိုင်က ထောင်မတ်နေသော ပွင့်ညှာမဲ့သော ပန်းခိုင် spike ပန်းခိုင်ဖြစ်ပါသည်၊ ပန်းများကသေးငယ်ပြီး တနှစ်ပတ်လုံးပွင့်ပါသည်။ အလွန်သေးငယ်ပြီး အစက်အမှုံလေးတွေ ပုံစံ အစေ့လေးတွေက မြောက်များလှစွာသော spike ပန်းခိုင် များအပေါ် တွယ်ကပ်လို့နေပါသည်။ အရွက်ကိုခြေလိုက်ရင် မုံညှင်းရနံ့ mustard-like odor ရစေပါသည်။

အသုံးဝင်ပုံများ

Asian နိုင်ငံများတွင် ကျောက်သင်ပုန်းပင်၏ အရွက်ကို ဟင်းလျာအဖြစ် စားသုံးကြသလို ဆေးအနေနဲ့လည်းစားသုံးကြသည်။ Peperomia အနွယ်ဝင် အပင်တွေကို နိုင်ငံတကာမှာ ဥယျာဉ်အလှစိုက်အပင်အဖြစ် စိုက်ကြပါသည်။

ထူးခြားဆန်းပြားလှသောပုံစံ အရွက်များကြောင့် အလှစိုက်ကြခြင်းဖြစ်သည်၊ ကျောက်သင်ပုံးပင် တပင်လုံးကို စား၍ရသည့် အရသာကြောင့် အကောင်းဆုံး အအေးခံ ဟင်းလျာ good refrigerant ဖြစ်စေပါသည်။

Ethnomedicinal uses အနေဖြင့် ဒီအပင်ကို abdominal pain ဝမ်းပိုက်နာကျင်ခြင်း၊ abscessesပြည်တည်နာများ၊ acne ဝက်ခြံ, boils သွေးစုနာ မွှေးကျွတ်နာ ၊ colic လေထိုးလေအောင့်နာ၊ fatigue မောပန်းနွမ်းနယ်ခြင်း၊ gout ဂေါက်ရောဂါ, headache ခေါင်းကိုက် ၊

renal disorders ကျောက်ကပ်ရောဂါ၊ rheumatic joint pain အဆစ်အမြစ်များ နာကျင်ခြင်း တို့ကိုကုသနိုင်တယ်။ Bolivia, Alteos Indians ဒေသများမှာ ဒီအပင်ကို hemorrhages သွေးလွန်ခြင်းမှ ရပ်တန့်ရန်အတွက် သုံးကြသည်။

အမြစ်ကို ဖျားနာခြင်း ကုသရာမှာအသုံးပြုသည်၊ အပင်အရွက်များကိုမူ ထိခိုက်ဒဏ်ရာများအပေါ်အုံ၍ ကုသရာတွင်သုံးနိုင်သည်၊ Brazil နိုင်ငံတွင် အဆီချဖို့ ( ဝါ)ကိုလက်စထရော ချဖို့ ဒီအပင်ကို သုံးကြသည်။

Amazon ဒေသတွင်မူ သူသည် ထင်ရှားသော ချောင်းဆိုး ပျောက်စေသော အပင်ဖြစ်သည်၊ ထို့ပြင် emollient, ဆီးရွှင်ဆေး diuretic အဖြစ်လည်းသုံးသည်။ Philippines တွင် အပင်ပြုတ်ရေသည် uric acid ပမာဏကို လျှော့ချစေနိုင်သောကြောင့် ကျောက်ကပ်ရောဂါ ကို သိသိသာသာ သက်သာစေသည်။

ဒီအပင်မှာ ကင်ဆာကို တွန်းလှန် ကာကွယ်ပေးနိုင်သော Antioxidant နှင့် Beta-carotene ဓာတ်တို့ပါဝင်သည်။ ထိုင်းနိုင်ငံတွင် အစိမ်းသုပ်စားခြင်း၊ ပြုတ်၍ သုပ်စားခြင်း၊ တို့စရာအဖြစ် စားသုံးခြင်း၊ ဟင်းရည်ချက်၍ သောက်ခြင်းများ ပြုလုပ်သည်။

ဖိလစ်ပိုင်နိုင်ငံမှ တိုင်းရင်း ဆေးဆရာများက ဒူလာဆေး၊ အဆစ်မြစ်ရောင် (ဂေါက်ရောဂါ) အတွက် အပင်ကို သုပ်စားခြင်း၊ပြုတ်စားခြင်းတို့ကို ပြုလုပ်ကြသည်။ (Ref: Wikipedia)

ရင်သားကင်ဆာ ရောဂါအတွက် အပင်ကို အသုံးပြုကြသည်၊ လက်တွေ့ကုသမှုများအရ ကြွက်နို့ပေါက်သူများအတွက် ဒီအပင်က အလွန်အသုံးတည့်လှသည်။ အရွက်က အရည်ကို ညှစ်၍ ကြွက်နို့ပေါ်ကို မကြာခဏ တို့ပေးကာ ကြိတ်ဖတ်ကိုလည်း ကြွက်နို့ပေါ်ကို အုံထားပေးပါ။ ကြွက်နို့များအံ့သြစွာ ပျောက်ကင်းသွားသည်ဟု မှတ်သားရပါသည်။ Ref: စောနွဲ့နေဆိုင် (ပူတာအို) ။

မူရင်းရေးသားသူနှင့် ပုံများအား လေးစားစွာ Credit ပေးပါသည်။ အများသူငှာ ဗဟုသုတတိုးပွားစေရန် ပြန်လည်မျှ‌ဝေပါသည်….

Be the first to comment

Leave a Reply

Your email address will not be published.


*