ကတုံးပေါ်သို့ ဂျင်လှည့်ခြင်း (သို့) “ဘုရားပစ္စည်း ငရဲမီး သံဃာ့ပစ္စည်း အဆိပ်သီး” ကို စားသုံးကြခြင်း
“ဘုရားပစ္စည်း ငရဲမီး သံဃာ့ပစ္စည်း အဆိပ်သီး” တဲ့။ လူလူခြင်း လိမ်လည်ပြီးစားနေခြင်းထက် ရဟန်းသံဃာရဲ့အပေါ်ကို လိမ်လည်ပြီး စားနေခြင်းက ပိုမို အပြစ် ကြီး၏။
ရဟန်းတစ်ပါးက ရော့ အင့် လို့ မပေးပဲ စားသုံးလိုက်တဲ့ အရာတစ်ခုသည် အဲဒီလူအဖို့ အဆိပ် သီးကြီးကို ကိုက်ဝါးစား နေရသကဲ့လို့ဖြစ်၏။ ထိုအဆိပ်သည် ဖြေဆေးလုံးဝမရှိ တစ်သံသရာတစ်လျှောက်လုံးထိတိုင် ခံစားလိုက်ပေအံ့။
“မသာကိုဆောင် ကျောင်းကိုရှောင်” တဲ့။
ရှေး လူကြီးများသည် မသာပစ္စည်းတစ်ခုကို အမြတ် တနိုး ဆောင်ထားတက်ကြပေမယ့် ဘုန်းကြီး ကျောင်းက ပစ္စည်းဆိုရင်တော့ အပ်တိုတစ်ချောင်းက အစ ဘုန်းကြီးမစွန့်ရင် မယူရဲကြ မစားရဲကြ အလွန့်လွန် အပြစ်ကြီးသည်ကို သိသောကြောင့်သာဖြစ်၏ ။
ကျန်ခဲ့သော( ၃ ) လကျော်ခန့်က တနေ့ စာရေးသူတို့ သည် ကိုယ့်အာရုံလေးနဲ့ကို ဝိုင်းဖွဲ့ပြီး နေ့ဆွမ်းဘုဉ်းပေးကြသည်။ အချိန်အားဖြင့် ၁၁ နာရီစွန်းစွန်း။
မကြာပါ အသက်အားဖြင့် ( ၃၀ )ကျော် ဒကာတစ်ယောက်၊ ဒကာမ တစ်ယောက် ငါးရာတန် ပေါင်မုန့်တစ်လုံးကိုစွဲပြီး ကျောင်းထဲ ဝင်ရောက်လာသည်။ ဘုရားကို ဦးချကန်တော့ပြီး ပါလာတဲ့ မုန့်လေးကို စာရေးသူတို့ ဆရာ တော်ကို ကပ်လှူပြီး စကားစပါတော့သည်။
ဘုန်းဘုန်းဘုရား တပည့်တော်တို့က ပေါက်ခေါင်းနယ်ဘက်မှာ နေထိုင်ကြပါတယ်ဘုရား။ ရန်ကုန်လာပြီး အလုပ် လုပ်တာ မကြာသေးပါဘူး။ ရက်ပိုင်းပဲ ရှိပါသေးတယ်။ ရွာမှာ တပည့်တော်တို့ သားလေး ကျန်နေခဲ့တယ်ဘုရား။
အခု တပည့်တော်တို့သားလေး နေမကောင်းလို့ ဖုန်းနဲ့ဆက်ပြီးတော့ အကြောင်းကြားကြတယ်ဘုရား။ ဒါ့ကြောင့် တပည့်တော်တို့ကို သနား သောအားဖြင့် လမ်းစရိတ်လေး ပေးစွန့်ပါဘုရား ဟု တုန်ရီနေသော အသံများဖြင့် ဆရာတော်ကိုလျှောက်နေသည်။
ရဟန်းဆိုတာလည်း ဒကာ ဒကာမတွေကိုအမှီပြုပြီး နေထိုင်ရှင်သန်နေရသူတွေ ဖြစ်နေသော် လည်း ဒကာ ဒကာမတွေ အဆင်မပြေက အခက်ခဲများနှင့်ကြုံနေပါက ဘယ်လို ရဟန်းမျိုးကမှ ဥပက္ခောမပြု နိုင်ကြပေ။ သနားတက်သည်၊ နားလည်ပေးတက်ကြသည်။
တကယ် အခက်ခဲကြုံနေရင် ဘာမှမပူတော့နဲ့ ရွာထိ အိမ်ထိတိုင် လိုက်ပို့ပေးပါ့မယ့် ဒကာကြီးဟု ဆရာတော်ဖြစ်သူက အားပေးရှာသည်။ စာရေးသူလည်း မနေသာတော့။
ဆရာတော်၊ တပည့်တော်လည်း ပါဝင်လိုက်ပို့ပေးရပါရစေဘုရား ဟု လျှောက်လိုက်တော့ စာရေးသူတို့ ဆွမ်းစားဝိုင်းက နောင်တော်၊ ညီတော်များမှာလည်း သူလည်းလိုက်မယ် ငါလည်းလိုက်မည်ဟု အလု အယက်လျှောက်နေကြသည်။ ဒုက္ခရောက်နေသော ထိုဒကာကြီး နှင့် ဒကာမကြီးတို့ကိုလည်းအားပေးနေကြသည်။
ဆွမ်းများဘုဉ်းပေးကြပြီး ကားနဲ့စထွက်မယ်လုပ်တော့ ဆရာတော်က ဘယ်ဝင်စရာရှိသေးလည်းဟု မေးမြန်းလေသည်။ တပည့်တော်တို့ ပစ္စည်းတွေက သန်လျင်ဘက်မှာပါ ဘုရားဟု လျှောက်၏။ သန်လျဉ်ဘက် နှင့် စာရေးသူတို့ နေထိုင်တဲ့ ဒေါပုံမြို့လေးနဲ့မဝေးပေ။ တစ်နာရီလောက် ကားစီးကရောက်၏။
သန်လျင်သို့ရောက်ပြီး သူတို့ပြောတဲ့နေရာသို့ရောက်တော့ ကားလေးရပ်ပေးပြီး သူတို့ကို ပစ္စည်းသွားယူခိုင်းသည်။ အဲဒီမှာဇာတ်လမ်းစပါပြီ တစ်နာရီလည်း ပေါ်မလာသေး၊ နှစ်နာရီထိလည်းပြန်ပေါ်မလာခဲ့။
၃ နာရီ နီးပါးလောက် စောင့်ပေးပြီးတော့ ဆရာတော်ဖြစ်သူက ပြောသည်။ ကဲ၊ ငါ့ရှင်တို့ရေ ကတုံးပေါ်လာဂျင်လှည့်တာပဲကွ။ ငါတို့တော့ အလိမ်ခံလိုက်ရပီ။ ဒီအချိန်ထိတောင် ပေါ်မလာသေးတာ ဒို့ဘက်ကတာဝန်ကျေပါတယ်။
ကျောင်းပဲ ပြန်ကျတာပေါ့ကွာ တဲ့။ စာရေးသူ၏ စိတ်ထဲမှာတော့ အတွေးများစွာနဲ့ နယ်ချဲ့နေရင်း အော်၊ လိမ်ရဲသည် ပေါ့။ နောက်တစ်ခါ ပူပူနွေးနွးလေး ဖြစ်ရပ်မှန်တစ်ခု။ မနေ့က စာရေးသူ၏သူငယ်ချင်း ကျောင်းအပ်ပွဲမှ လှည်းကူးကနေ နေ့လည် ( ၁ )နာရီလောက် ကျောင်းတိုက်သို့ ပြန်ရောက်လာသည်။
ခရီးပန်းတာကြောင့် ကိုရင်လေးတွေတောင် စာဝါမပို့ချနိုင် ပန်းပန်းနှင့်ကျိန်းစက်လိုက်သည်။ (၃)နာရီကျော်တော့ စာရေးသူ၏ ဘွဲ့ကိုခေါ်ပြီး အခန်းတံခါး ခေါက်သံ ကြားတာကြောင့် အပြင် ထွက်ကြည့်မိသည်။
ဦးဇင်းဘွဲ့က ဦးတိက္ခဉာဏ နော်၊ စာချပေးတဲ့ ဦးဇင်းမဟုတ်လား ဟု အသက်အားဖြင့် ၃၀ ဝန်းကျင် ဒကာမတစ်ယောက် ထီးလေးတစ်ချောင်း ကိုင်ထားရင်း စာရေးသူကို မေးနေသည်။ စာရေးသူလည်း အိပ်ချင်ကမူးကတူး၊ ဟုတ်ပါတယ် ဒကာမကြီး၊ လာပါ အခန်းထဲလာခဲ့လေ ဟု ဖိတ်ခေါ်မိလိုက်သည်။
ဘာကိစ္စရှိလို့လည်း ဒကာမကြီး။ ဦးဇင်းရဲ့ ဒီကျောင်း တိုက်က ဆရာတော်နဲ့စကားပြောပြီးသားပါ။ တပည့် တော်အမေက ဆေးရုံတင်ထားရတယ်။ အကြပ်တည်း ဖြစ်နေလို့ ငွေလေးခဏ လာချေးတာပါဘုရား။ ဆရာ တော်က ဦးဇင်းဆီမှာ သွားယူလို့ ဖုန်းဆက်လိုက်တယ်ဘုရား။ ဆရာတော်က အပြင်ရောက်နေလို့တဲ့။
စာရေးသူလည်း တကယ်ရောက်လို့ ဖြစ်မှာပါလေလို့ စိတ်ထဲမှာတွေးပြီး သနားမိသည်။ တိုက်တိုက် ဆိုင်ဆိုင်ပါပဲ။ မနေ့က စာရေးသူ၏လက်ထဲမှာ ပိုက်ဆံက နှစ်သောင်းကျော်သာရှိသည် ကူညီပေးချင်တဲ့ စိတ်ကလေးကြောင့် ရန်ကုန်ကို လာပြီး နယ်ဘက်ကနေ ဆေးလာပြတဲ့ သူငယ်ချင်း ရဟန်းဆီက ငွေတစ်သောင်းထပ်ချေးပြီး သုံးသောင်းအကူညီပေးလိုက်သည်။
မရှိတဲ့ကြားကနေ တစ်ပါးသူ အခက်ခဲဒုက္ခကို ကူညီ ဖြေရှင်း ပေးလိုက်ရလို့လည်း စိတ်ထဲမှာ အမှန်ကြည်နူးမိပာသည်။ သို့သော်လည်း စေတနာကြောင့် ဖြစ်ပေါ်လာတဲ့ ရင်ထဲက ကျေနပ်ကြည်နူးမိတဲ့ ခံစားချက်ပုံရိပ်သည် နာရီအပိုင်းတွင်းမှာပဲ တစ်မျိုးတစ်ဖုံ ပြောင်းလည်းသွားသည်။
အဘယ့်ကြောင်းနည်း။
ထိုဒကမကြီး ထွက်သွားပြီး မကြာ ဆရာတော့်အခန်းကို စာရေးသူသွားတော့ ဆရာတော်သည် အရံသင့်ထိုင်နေတာကို တွေ့မြင်လိုက်ရသောကြောင့်သာ။ ဆရာတော် အပြင်ရောက်နေတယ်ဆို။ ငါဘယ်မှ မသွားပါဘူး၊ တနေ့လုံးရှိပါတယ် တဲ့လေ။ ဟာ အဲဒါဆိုရင်တော့ ဆရာတော်ပြောသလိုပဲ။ ကတုံးပေါ် လာဂျင်လှည့်သွားပြီဘုရား။
အစ အဆုံးပြောပြလိုက်တော့ ဆရာတော်ဖြစ်သူက အနည်းဆုံးတော့ မင်းငါ့ဆီကို ဖုန်းလေးတော့ တော့သင့်တာပေါ့ကွ။ရာတော်ကလည်း တပည့်တော်က ဆရာတော့်အပေါ်နဲ့ အဲဒီဒကာမကြီးအပေါ်ကို အကြွင်းမဲ့ ယုံကြည်မိလိုက်တာကိုးဘုရား။ ဒါ့ကြောင့် ဖုန်းမခေါ်မိလိုက်တာပါ။
သြော် ဒါ့ကြောင့် တစ်ချို့သော လူများသည် တစ်ခဏသာ အဆင်ပြေရေးအတွက် တစ်ဘဝစာ အတွက်မတွေးမိပဲ ရဟန်း သံဃာတွေအပေါ်တွေမှာတောင် လိမ်ရဲလာကြသည်၊ ညာရဲလာကြသည်၊ ကတုံးပေါ် ဂျင်လှည့်တက်လာကြပြီပေါ့လေ။
ထိုသို့သော ပုဂ္ဂိုလ်များအတွက် စိတ်မကောင်းခြင်းများစွာဖြင့် နဲ့။
Credit ဖန်ခါးမြေ အရှင်
Leave a Reply