လုယက်သူတွေကို ခုခံရင်းသတ်ဖြတ်မိလို့ ထောင်ကျနေရတဲ့ ကိုမျိုးသက်လွင်ဘက်က ရပ်တည်ပေးလိုက်တဲ့ FAME Managing Director ဒေါက်တာခင်မောင်လွင်

လုယက်သူတွေကို ခုခံရင်းသတ်ဖြတ်မိလို့ ထောင်ကျနေရတဲ့ ကိုမျိုးသက်လွင်ဘက်က ရပ်တည်ပေးလိုက်တဲ့ FAME Managing Director ဒေါက်တာခင်မောင်လွင်

လုယက်သူတွေကို ခုခံရင်းသတ်ဖြတ်မိလို့ ထောင်ကျနေရတဲ့ ကိုမျိုးသက်လွင်ဘက်က ရပ်တည်ပေးလိုက်တဲ့ FAME Managing Director ဒေါက်တာခင်မောင်လွင်

အမှန်တရား နိုင်ပါစေ
===============

မောင်မျိုးသက်လွင်ရဲ့ ၁၉.၂.၂၀၂၀ နေ့ ည (၇) နာရီဝန်းကျင်မှာဖြစ်ပွားခဲ့တဲ့ အလုယက်ခံရမှုဖြစ်စဉ်ကို သတင်းတွေ လူမှုကွန်ယက်တွေမှာ အများတွေ့မြင်ပြီးဖြစ်မှာပါ။

ညောင်ရွာ မောင်ထွန်းလမ်းဘေးမှာ မောင်မျိုးသက်လွင်တို့စုံတွဲ ချိန်းတွေ့စကားပြောနေတုန်း ဆိုင်ကယ်နဲ့ အမျိုးသားနှစ်ဦးရောက်ရှိလာပြီး လက်ကိုင်ဖုန်းနဲ့ ပိုက်ဆံများထုတ်ပေးရန် ခြိမ်းခြောက်ပြောဆိုလုယက်တဲ့အတွက် မိန်းကလေးက အနီးဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းတဲ့အခါမှာ လုယက်သူတစ်ဦးက သံချောင်းနဲ့ ရိုက်နှက်ခဲ့ပါတယ်။

မိန်းကလေးကတော့ ဦးခေါင်းဒဏ်ရာတွေရပြီး ကြောက်အားလန့်အားနဲ့ ထွက်ပြေးအကူအညီတောင်းနေစဉ်မှာပဲ မျိုးသက်လွင်နဲ့ လုယက်သူနှစ်ဦးတို့ လုံးထွေးသတ်ပုတ်ကျန်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်တဲ့သတင်းအရ သိရပါတယ်။

လုယက်သူနှစ်ဦးက မျိုးသက်လွင်ကို ဓားနဲ့ခုတ်ခဲ့ရာ ထိခိုက်ဒဏ်ရာများရရှိပြီး မျိုးသက်လွင်ကလည်း မိမိအသက်ကိုရန်ရှာတဲ့အတွက် နှစ်ယောက်နဲ့တစ်ယောက် ပြန်လည်ခုခံခဲ့ရာမှာ လုယက်သူနှစ်ဦး သေဆုံးခဲ့ရခြင်း ဖြစ်ပါတယ်။

လုယက်မှုကျူးလွန်သူများမှာ လှမျိုးဌေး (၂၆နှစ်) နှင့်စောဒီမိုး (၃၁) နှစ် ဖြစ်ပြီး အမေတူအဖေကွဲ ညီအစ်ကိုတော်စပ်ကာ မကြာခင်ကမှ လုယက်မှုနဲ့ထောင်ကထွက်လာသူများလို့ စခန်းမှူး ဒုရဲမှူး ဦးစန်းယုရဲ့ ပြောပြချက်အရ သိရပါတယ်။

မာင်မျိုးသက်လွင်ဟာ နယ်ကနေ တက်လာပြီး ကျွန်တော်တို့ FAME ဆေးဝါးစက်ရုံမှာ ၈.၅.၂၀၁၄ ခုနှစ်ကတည်းကစတင်ကာ အလုပ်လုပ်ကိုင်ခဲ့တာ အခုဆိုရင် လုပ်သက် ၆ နှစ်ရှိနေပါပြီ.. ရိုးသားကြိုးစားပြီး အကျင့်စာရိတ္တ ကောင်းမွန်တဲ့ လူရည်မွန်တစ်ယောက်ဖြစ်ပါတယ်။

မောင်မျိုးသက်လွင်က စက်ရုံတစ်ဝန်းလုံး စိမ်းလန်းစိုပြေနေအောင်၊ သာယာလှပနေအောင် အပင်တွေကို ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရတဲ့ ဥယျာဉ်မှူးလုပ်သား ဝန်ထမ်းကောင်းတစ်ဦးဖြစ်ပါတယ်။

အလုပ်တာဝန်ကို ကျေပွန်စွာ လုပ်ဆောင်တဲ့အပြင် အလုပ်ဆိုရင်လည်း ပြောစရာမလိုဘဲ စေတနာပါပါနဲ့ တက်ကြွစွာ လုပ်ကိုင်ပေးတာကြောင့် ကျွန်တော်အားထားရတဲ့ ဥယျာဉ်မှူးလုပ်သားဝန်ထမ်းတစ်ဦးဖြစ်ပြီး တစ်စက်ရုံလုံးက လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းတွေကပါ ချစ်ခင်တဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

မာင်မျိုးသက်လွင်ဟာ မကွေးတိုင်းဒေသကြီးမှဖြစ်ပြီး မိဘတွေက လယ်ယာလုပ်ငန်း လုပ်ကိုင်ကြပါတယ်။ ရန်ကုန်မှာ ရိုးရိုးသားသား အလုပ်လာရောက်လုပ်ကိုင်နေတာဖြစ်ပြီး ကျန်းမာရေးမကောင်းတဲ့ နာတာရှည်ရောဂါသည် အဖေနဲ့ အမေကို ထောက်ပံ့လုပ်ကျွေးနေသူ သားလိမ္မာတစ်ဦး ဖြစ်ပါတယ်။

သူ့အမေကတော့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၁၃) ရက်နေ့က ကွယ်လွန်သွားတာပါ.. ဖခင်ဖြစ်သူမှာ အသက်အရွယ်ကြီးရင့်ပြီး နာမကျန်း လူမမာသည်ဖြစ်တာကြောင့် သားဖြစ်သူရဲ့ အမှုကိစ္စဆောင်ရွက်ဖို့အတွက် ရန်ကုန်တောင်လာဖို့ အဆင်မပြေကြောင်းကိုလည်း သိရပါတယ်။

မောင်မျိုးသက်လွင်ဟာ သူတို့ရွာမှာ တစ်ခါမှ ခိုက်ရန်ဖြစ်ပွားမှုမျိုး မရှိခဲ့ပါဘူး.. ကျွန်တော့်စက်ရုံမှာ ၂၀၁၄ ကနေ ၁၉.၂.၂၀၂၀ နေ့အထိ လုပ်ကိုင်နေတဲ့ (၆) နှစ်အတွင်း ခိုက်ရန်ဖြစ်ပွားမှု တစ်ကြိမ်မှမရှိဘဲ အများနဲ့အတူပူးပေါင်းဆောင်ရွက်နိုင်သူ ဝန်ထမ်းကောင်းတစ်ဦးဖြစ်ပါတယ်။

ဒါ့အပြင် သူနေထိုင်တဲ့ လှိုင်သာယာမြို့နယ် ညောင်ရွာမှာလည်း တစ်ခါမှ ခိုက်ရန်ဖြစ်ပွားမှု မရှိတဲ့အကြောင်း၊ ရပ်ကွက်နေပြည်သူတွေနဲ့ ရပ်ကွက်လူကြီးတွေက ထောက်ခံပေးကြပြီး လူသတ်မှုနဲ့ ပြန်လည်တရားစွဲခံနေရတဲ့ ကိုမျိုးသက်လွင်အတွက် အင်မတန်စိတ်မကောင်း ဖြစ်နေကြတာပါ။

ကျွန်တော်ဟာ ကျွန်တော့်စက်ရုံမှာရှိတဲ့ဝန်ထမ်းတွေအားလုံးကို ကိုယ့်သားသမီးတွေလို သဘောထားတာကြောင့် မောင်မျိုးသက်လွင်ရဲ့ အကြောင်းကို ကြားသိသိချင်း ဖေဖော်ဝါရီ (၂၀) ရက်နေ့မှာ မောင်မျိုးသက်လွင်ရဲ့ ကျန်းမာရေး၊ နေထိုင်စားသောက်ရေး၊ အမှုကိစ္စ၊ သတင်းပြန်ကြားဆက်သွယ်ဖို့နဲ့ လိုအပ်တဲ့ကိစ္စအ၀၀တွေကို ကူညီဆောင်ရွက်ပေးဖို့အတွက် Medical Officer ဖြစ်တဲ့ဒေါက်တာဖြိုးဝေအောင် ဦးဆောင်တဲ့ Factory Director, Administrative Manager, HR Manager, Marketing Manager တို့ကို စုပေါင်းပြီး “မျိုးသက်လွင်ကူညီရေးအဖွဲ့” ကို ဖွဲ့စည်းခဲ့ပါတယ်။

မောင်မျိုးသက်လွင်ဆီကို အဖွဲ့မှတာဝန်ရှိသူတွေက နေ့တိုင်း သွားရောက်တွေ့ဆုံပြီး စိတ်ဓာတ်ခွန်အားပေးတာ၊ လိုအပ်တာတွေအားလုံးကို ကူညီဖြည့်ဆည်းပေးလျက်ရှိနေပါတယ်.. သူစားဖို့ မနက်စာ၊ နေ့လယ်စာ၊ ညနေစာ တစ်နေ့ (၃) ကြိမ်အတွက် ရဲစခန်းရှေ့ကဆိုင်ကို ကျသင့်ငွေပေးပြီး စီစဉ်ပေးထားပါတယ်။

အဝတ်အစားနဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလည်း ရဲစခန်းတာဝန်ခံရဲ့ ခွင့်ပြုချက်နဲ့ စီစဉ်ပေးထားပါတယ်.. ဒဏ်ရာတွေကိုတော့ လှိုင်သာယာဆေးရုံက တာဝန်ခံဆရာဝန်က ကြည့်ရှုပေးတဲ့အပြင် မိမိစက်ရုံရဲ့ဆရာဝန်ကိုလည်း တာဝန်ပေးထားပါတယ်။

အခု အချုပ်ကျနေတဲ့ဝန်ထမ်း မောင်မျိုးသက်လွင်ကို အလုပ်ကနေ မထုတ်ပယ်ဘဲ လစာအပြည့်နဲ့ ဝန်ထမ်းတစ်ယောက် ရပိုင်ခွင့်ကို အပြည့်အဝပေးထားတဲ့အပြင် ဒဏ်ရာတွေရရှိနေတာကြောင့် ဆေးခွင့် (အမှုပြီးဆုံးတဲ့အထိ) ပေးထားပါတယ်.. သက်ဆိုင်ရာရဲစခန်းကိုလည်း ဥပဒေနဲ့အညီ ကူညီဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

လုယက်မှု၊ မုဒိန်းမှုတွေပေါများနေတဲ့ လှိုင်သာယာမြို့နယ်ထဲက စိတ်မလုံခြုံစရာအဖြစ်အပျက်တွေက မကြာ ခဏဆိုသလို သတင်းတွေနဲ့ လူမှုကွန်ယက်တွေမှာ မြင်နေကြားနေရတာ ဝမ်းနည်းစရာကောင်းလှပါတယ်။

မြန်မာနိုင်ငံရဲ့ဒေသပေါင်းစုံက လူများနေထိုင်တဲ့ ရန်ကုန်မြို့ရဲ့လူဦးရေအများဆုံး လှိုင်သာယာမြို့နယ် မှာ လူပြတ်တဲ့နေရာတွေမှာသာမက လူမပြတ်တဲ့လမ်းမကြီးတွေမှာပါ လုယက်သူအဖွဲ့များမှ ဖုန်းလုတာ၊ ဆွဲကြိုးဖြတ်လုတာ၊ ပိုက်ဆံအိတ်လုတာတွေကဖြစ်ရိုးဖြစ်စဉ်၊ ထမင်းစားရေသောက်ပုံစံမျိုး တွေ့လာရပါတယ်။

မောင်မျိုးသက်လွင် အမှုကနေလွတ်မြောက်လာတဲ့အခါမှာလည်း သူရဲ့လုံခြုံရေးအတွက် ကြိုတင်စိုးရိမ်မိပါတယ်..

ကျွန်တော်တို့စက်ရုံတည်ရှိရာ စက်မှုဇုန်(၃)၊ မင်းကြီးမဟာမင်းခေါင်လမ်းမကြီးဝန်းကျင်မှာ ၂၀၁၈ ခုနှစ်ကနေ ဒီကနေ့အထိ အဆိုပါမှုခင်းတွေနဲ့ ပတ်သက်ပြီးစက်ရုံရှေ့မှာတပ်ထားတဲ့ CCTV record တွေအရ (၇) မှုရှိခဲ့ ပါတယ်.. ၂၆.၂.၂၀၁၈ နေ့တွင် စက်ရုံအနီးတွင် ဖုန်းလုယက်မှု၊ ၂၅.၄.၂၀၁၉ နေ့တွင် ဆွဲကြိုးဖြတ် လုယက်မှု၊ ၃၀.၈.၂၀၁၉ နေ့တွင် ပိုက်ဆံအိတ်လုယက်မှု၊ ၂၄.၉.၂၀၁၉ တွင် ပိုက်ဆံအိတ်လုယက်သွားသူသည် စက်ရုံရှေ့မှ ဆိုင်ကယ်ဖြင့်ဖြတ်သွားမှု၊ ၂.၁၂.၂၀၁၉ နေ့တွင် ပိုက်ဆံအိတ်လုယက်မှု၊ ၆.၁၂.၂၀၁၉ နေ့တွင် ရုံးမှဆိုင်ကယ်ခိုးယူခံရမှု၊ ၁၅.၂.၂၀၂၀ နေ့တွင် ပိုက်ဆံအိတ်လုယက်ခံရမှုတို့ဖြစ်ပါတယ်။

အဲ့ဒီအမှုတွေနဲ့ပတ်သက်တဲ့ CCTV record တွေကို လှိုင်သာယာရဲစခန်းသို့ တာဝန်သိစိတ်အပြည့်ဖြင့် ပေးပို့ပေးခဲ့ပါတယ်.. အကျင့်စာရိတ္တချွတ်ယွင်းမှုနဲ့ အများပစ္စည်းအချောင်လိုချင်တဲ့ စိတ်ဓါတ်ပိုင်ရှင်တွေများလာတဲ့ လူ့ အဖွဲ့အစည်းက မြန်မာနိုင်ငံရဲ့အနာဂတ်အတွက် အတော်ကို စိတ်မချမ်းမြေ့စရာကောင်းပါတယ်..

ဒီလိုလုယက်မှုနဲ့ မှုခင်းဖြစ်စဉ်တွေမှာ ကိုယ့်ကိုယ်ကို ခုခံကာကွယ်နိုင်မှုက မေးခွန်းထုတ်စရာ၊ စဉ်းစားစရာ ဖြစ်နေပါပြီ.. ကိုယ့်ကိုရန်ပြုသူ သံတုတ်၊ဓားတွေကိုင်ပြီး တိုက်ခိုက်လာတဲ့ လူဆိုး၊လူမိုက် (၂) ယောက်ကို မိမိတစ်ယောက်ထဲ ရဲရဲဝံ့ဝံ့ရင်ဆိုင် အသက်လုပြီး ပြန်လည်ခုခံချိန်မှာ ဘယ်နှစ်ချက်ဘဲ ထိုးသင့်တယ်ဆိုတာ စဉ်းစားနိုင်မှာ မဟုတ်ပါဘူး…သူသာပြန်လည်မခုခံခဲ့ရင် သူ့အသက် သေဆုံးတာမျိုး၊ အတူပါအမျိုးသမီးကို မုဒိန်းကျင့်ခံရတာမျိုးအထိ ဖြစ်သွားနိုင်ပါတယ်..

ကျွန်တော့်အနေနဲ့ မိမိလက်လှမ်းမီသလောက် ဥပဒေကို လေ့လာကြည့်တဲ့အခါမှာ
လူတစ်ဦးက ရန်မူလာလျှင် ထွက်ပြေးရန်မလို။ ရပ်တန့်၍ ခုခံနိုင်သည်။ ရန်မူသူက မိမိအား ထပ်မံ၍ ရန်မမူနိုင်သည့်ထိ ခုခံနိုင်သည်။ မကာကွယ်မခုခံလျှင် မိမိနှင့်တခြားသူအား ဘေးဖြစ်စေလျှင်သော်လည်းကောင်း၊ အပြင်းအထန်နာကျင်စေလျှင်သော်လည်းကောင်း၊ မုဒိန်းကျင့်ရန်ဓမ္မတာတိုင်းမဟုတ်ဘဲ ဆန့်ကျင်သည်လက်ရောက်မှုသော်လည်းကောင်း၊ လူခိုးရန်လက်ရောက်မှုသော်လည်းကောင်း ကျူးလွန်ခြင်းခံရလျှင် ကျူးလွန်သည့်မည်သူကိုမဆို အသက်သေစေသည့်အထိ ရာဇသတ်ကြီးပုဒ်မ ၁၀၀ အရ ကာကွယ်ခုခံနိုင်ကြောင်း ဖော်ပြထားပါတယ်။

ဒါကြောင့်မို့ နိုင်ငံသားတိုင်း မိမိနှင့်တစ်ပါးသူများအား ရန်မူထိခိုက်လာပါက ထွက်ပြေးတိမ်းရှောင်ရန်မလိုဘဲ ဥပဒေအရ ကာကွယ်ခုခံနိုင်ကြောင်းကို လေ့လာသိရှိခဲ့ရပါတယ်..

“မျိုးသက်လွင်.. ဘာမှအားမငယ်နဲ့.. ဆရာနဲ့ တစ်စက်ရုံလုံးကဝန်ထမ်းတွေ မင်းဘက်ကနေ အပြည့်အ၀ ရပ်တည်ပေးနေတယ်.. မင်း အပြစ်ဒဏ်ကနေ အမြန်ဆုံးလွတ်မြောက်ဖို့.. ဥပဒေနဲ့အညီဖြစ်ဖို့.. အမှန်တရားအတိုင်းဖြစ်ဖို့ ဆရာတို့တွေ အစွမ်းကုန် ကူညီပေးနေတယ်.. ဆုတောင်းပေးနေပါတယ်..
အမှန်တရားက နိုင်ကိုနိုင်မယ်လို့ ယုံကြည်ပါတယ် သား မျိုးသက်လွင်ရေ..”

Credit
ဒေါက်တာခင်မောင်လွင် (FAME)

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*