ညအလွဴ
ၿမိဳ႕ေတာ္ခန္းမအနီး မၾကာခဏ ေရာက္ဖူးသူေတြဆို သူ႔ကိုျမင္ဖူးၾကလိမ့္မယ္။ ၃၃ လမ္း၊ အလယ္ထိပ္နဲ႔ စည္ပင္လမ္းတို ဆုံရာေနရာေလးရဲ႕ အရိပ္ရရာဝန္းက်င္မွာ ပလတ္စတစ္ထိုင္ခုံေပၚ အၿမဲနီးပါးထိုင္ၿပီး ငိုက္ေနတတ္တဲ့ ဒါမွမဟုတ္အိပ္ေနတတ္တဲ့ အိမ္ေျခမဲ့ လူတစ္ေယာက္ကိုေပါ့။
သူ ဘယ္လို အိမ္ေျခမဲ့ဘဝ ေရာက္ခဲ့ရသလဲဆိုတဲ့အေၾကာင္းကိုေတာ့ က်ေတာ္ မသိဘူး။ က်ေတာ္ သူ႔ကို မွတ္မွတ္ထင္ထင္ သတိထားမိတာ အဲဒီ ၃၃ လမ္း၊ ဓာတ္တိုင္ေအာက္ကဓာတ္ပုံဆရာေတြ ထိုင္ၾကတဲ့ လက္ဖက္ရည္ဆိုင္မွာ တစ္ေန႔ေတာ့ ထီလက္မွတ္ေတြ ထုတ္ျပၿပီး က်ေတာ့္ကို ေျပာတယ္။
“ဒါ တကယ္ေပါက္မယ့္ထီ လက္မွတ္ေတြပဲ” တဲ့။
ဆယ္ေစာင္တြဲ။ အဲဒီကာလက ထီတစ္ေစာင္ ၅၀၀ေခတ္ဆိုေတာ့ သူ ထိုးထားတာ ငါးေထာင္အနည္းဆုံးပဲေလ။အေျခခံ အေၾကာင္းတရားေတြ အတြင္းက်က် မသိေပမယ့္ ျမင္ေတြ႕ရသေလာက္ ေျပာရရင္ သူဟာ သူမွီခိုေနထိုင္ရာ အနီးဝန္းက်င္ရဲ႕ လုံၿခဳံေရးကအစ ကားပါကင္ထိုးတာအထိ သူႏိုင္သမွ် ျပဳတာ။ အဲဒီ အက်ိဳးဆက္အျဖစ္လမ္းသူလမ္းသားေတြရဲ႕ ေစာင့္ေရွာက္ျခင္းကို ခံယူရတယ္ထင္မိတာပဲ။ သူဟာ ထီ ဆယ္ေစာင္တြဲကို လစဥ္ ထိုးႏိုင္တယ္။
သူ႔ရဲ႕ အားနည္းတဲ့ ဉာဏ္ရည္အေပၚ ထီေရာင္းသူေတြကလည္း အသုံးခ်ၾကပုံ ရတယ္။ သူဟာ အဲဒီေန႔က ဝိုင္းတိုင္းကို သူ႔ ထီလက္မွတ္ တကယ္ေပါက္မွာလို႔ လိုက္ေျပာေနေတာ့တာ။ အဲဒါဟာ သူ က်ေတာ့္ ႏွလုံးသားထဲ ေရာက္လာခဲ့တဲ့ ျဖစ္ရပ္ပါပဲ။
ညအလႉ ထမင္းဘူးေလးေတြ ေဝေတာ့ သူ႔ကို သတိတရ ၿမိဳ႕ေတာ္ခန္းမေရွ႕ အေရာက္သြား မေမ့မေလ်ာ့ ညစဥ္
ေပးခဲ့တယ္။ ထီတစ္ေစာင္ တစ္ေထာင္ေခတ္ ေရာက္လာတဲ့ကာလမွာ သူလည္း အရင္လို သြက္သြက္လက္လက္ မဟုတ္ေတာ့ဘူး။ က်ေတာ္ေပးတဲ့ ထမင္းဘူးကို သူ မဖြင့္ႏိုင္ေတာ့ဘူး။ က်ေတာ္ကပဲ စိတ္မေကာင္းစြာ ဖြင့္ေပးရတယ္။
ကာလအေ႐ြ႕ၾကားမွာသူဟာ ပိန္ပိန္လွီလွီနဲ႔တုန္တုန္ခ်ည့္ခ်ည့္ ျဖစ္ေနၿပီ။
ဒါေပမယ့္သူဟာ လမ္းသူလမ္းသားေတြေပးတဲ့ ပိုက္ဆံနဲ႔ ထီထိုးေနဆဲဆိုတာကိုဇြန္ ၁၆ ရက္ မနက္က က်ေတာ္ေတြ႕ရေသးတယ္။
ထီေပါက္ရင္သူ႔ အိပ္မက္က ဘာလဲ။
သူ႔အိပ္မက္ထဲ အိုးေတြ အိမ္ေတြ ပိုင္ၿပီးသားေတြ ေျမးေတြနဲ႔ေပ်ာ္စရာ ေကာင္းေနမွာလား။
က်ေတာ္ ဖြဲ႕ႏြဲ႕ေရးရင္ ဇာတ္နာမယ့္ ဝတၳဳတစ္ပုဒ္ ျဖစ္မွာေပါ့။စာေရးဆရာပဲ။ စာဖတ္သူ မ်က္ရည္က်ေအာင္ ျခဴတယ္ဆိုတာ မခက္လွပါဘူး။ လြယ္လြယ္ေလးပါ။
ဒီည က်ေတာ္ ထမင္းဘူးေတြ လိုက္ေဝေတာ့သူ႔ကို ျမင္ေနက် ေနရာေတြမွာ က်ေတာ္ မျမင္ရဘူး။ဟိုဟိုဒီဒီ ေတြ႕မလား လိုက္ၾကည့္ေနတုန္း လူတစ္ေယာက္က ေျပာလာတယ္။
“သူ ဆုံးသြားၿပီခင္ဗ်ား မေန႔ညက ေပးခဲ့တဲ့ထမင္းေတာင္ စားမသြားႏိုင္ဘူး”တဲ့။
က်ေတာ္ မ်က္ရည္ လြယ္တယ္။
ကုိဦးေဆြ
Unicode
ညအလှူ
မြို့တော်ခန်းမအနီး မကြာခဏ ရောက်ဖူးသူတွေဆို သူ့ကိုမြင်ဖူးကြလိမ့်မယ်။ ၃၃ လမ်း၊ အလယ်ထိပ်နဲ့ စည်ပင်လမ်းတို ဆုံရာနေရာလေးရဲ့ အရိပ်ရရာဝန်းကျင်မှာ ပလတ်စတစ်ထိုင်ခုံပေါ် အမြဲနီးပါးထိုင်ပြီး ငိုက်နေတတ်တဲ့ ဒါမှမဟုတ်အိပ်နေတတ်တဲ့ အိမ်ခြေမဲ့ လူတစ်ယောက်ကိုပေါ့။
သူ ဘယ်လို အိမ်ခြေမဲ့ဘဝ ရောက်ခဲ့ရသလဲဆိုတဲ့အကြောင်းကိုတော့ ကျတော် မသိဘူး။ ကျတော် သူ့ကို မှတ်မှတ်ထင်ထင် သတိထားမိတာ အဲဒီ ၃၃ လမ်း၊ ဓာတ်တိုင်အောက်ကဓာတ်ပုံဆရာတွေ ထိုင်ကြတဲ့ လက်ဖက်ရည်ဆိုင်မှာ တစ်နေ့တော့ ထီလက်မှတ်တွေ ထုတ်ပြပြီး ကျတော့်ကို ပြောတယ်။
“ဒါ တကယ်ပေါက်မယ့်ထီ လက်မှတ်တွေပဲ” တဲ့။
ဆယ်စောင်တွဲ။ အဲဒီကာလက ထီတစ်စောင် ၅၀၀ခေတ်ဆိုတော့ သူ ထိုးထားတာ ငါးထောင်အနည်းဆုံးပဲလေ။အခြေခံ အကြောင်းတရားတွေ အတွင်းကျကျ မသိပေမယ့် မြင်တွေ့ရသလောက် ပြောရရင် သူဟာ သူမှီခိုနေထိုင်ရာ အနီးဝန်းကျင်ရဲ့ လုံခြုံရေးကအစ ကားပါကင်ထိုးတာအထိ သူနိုင်သမျှ ပြုတာ။ အဲဒီ အကျိုးဆက်အဖြစ်လမ်းသူလမ်းသားတွေရဲ့ စောင့်ရှောက်ခြင်းကို ခံယူရတယ်ထင်မိတာပဲ။ သူဟာ ထီ ဆယ်စောင်တွဲကို လစဉ် ထိုးနိုင်တယ်။
သူ့ရဲ့ အားနည်းတဲ့ ဉာဏ်ရည်အပေါ် ထီရောင်းသူတွေကလည်း အသုံးချကြပုံ ရတယ်။ သူဟာ အဲဒီနေ့က ဝိုင်းတိုင်းကို သူ့ ထီလက်မှတ် တကယ်ပေါက်မှာလို့ လိုက်ပြောနေတော့တာ။ အဲဒါဟာ သူ ကျတော့် နှလုံးသားထဲ ရောက်လာခဲ့တဲ့ ဖြစ်ရပ်ပါပဲ။
ညအလှူ ထမင်းဘူးလေးတွေ ဝေတော့ သူ့ကို သတိတရ မြို့တော်ခန်းမရှေ့ အရောက်သွား မမေ့မလျော့ ညစဉ်
ပေးခဲ့တယ်။ ထီတစ်စောင် တစ်ထောင်ခေတ် ရောက်လာတဲ့ကာလမှာ သူလည်း အရင်လို သွက်သွက်လက်လက် မဟုတ်တော့ဘူး။ ကျတော်ပေးတဲ့ ထမင်းဘူးကို သူ မဖွင့်နိုင်တော့ဘူး။ ကျတော်ကပဲ စိတ်မကောင်းစွာ ဖွင့်ပေးရတယ်။
ကာလအရွေ့ကြားမှာသူဟာ ပိန်ပိန်လှီလှီနဲ့တုန်တုန်ချည့်ချည့် ဖြစ်နေပြီ။
ဒါပေမယ့်သူဟာ လမ်းသူလမ်းသားတွေပေးတဲ့ ပိုက်ဆံနဲ့ ထီထိုးနေဆဲဆိုတာကိုဇွန် ၁၆ ရက် မနက်က ကျတော်တွေ့ရသေးတယ်။
ထီပေါက်ရင်သူ့ အိပ်မက်က ဘာလဲ။
သူ့အိပ်မက်ထဲ အိုးတွေ အိမ်တွေ ပိုင်ပြီးသားတွေ မြေးတွေနဲ့ပျော်စရာ ကောင်းနေမှာလား။
ကျတော် ဖွဲ့နွဲ့ရေးရင် ဇာတ်နာမယ့် ဝတ္ထုတစ်ပုဒ် ဖြစ်မှာပေါ့။စာရေးဆရာပဲ။ စာဖတ်သူ မျက်ရည်ကျအောင် ခြူတယ်ဆိုတာ မခက်လှပါဘူး။ လွယ်လွယ်လေးပါ။
ဒီည ကျတော် ထမင်းဘူးတွေ လိုက်ဝေတော့သူ့ကို မြင်နေကျ နေရာတွေမှာ ကျတော် မမြင်ရဘူး။ဟိုဟိုဒီဒီ တွေ့မလား လိုက်ကြည့်နေတုန်း လူတစ်ယောက်က ပြောလာတယ်။
“သူ ဆုံးသွားပြီခင်ဗျား မနေ့ညက ပေးခဲ့တဲ့ထမင်းတောင် စားမသွားနိုင်ဘူး”တဲ့။
ကျတော် မျက်ရည် လွယ်တယ်။
ကိုဦးဆွေ
Leave a Reply