

















Crd

Unicode

“ဘဝ” ဆိုတာကြီးကို ဘယ်လိုနည်းလမ်းတွေနဲ့ အကောင်းဆုံးဖြတ်သန်းနိုင်မလဲဆိုတာကို အထောက်အကူဖြစ်စေမယ့် အချက် ၅ ချက်

ဘဝဆိုတာ လှပတဲ့ ခရီးလမ်းတခုဖြစ်သလို ရူးနှမ်းတဲ့ ကဗျာတပုဒ်လည်းဖြစ်ပါတယ်။ ရှင်သန်နေတဲ့ အိပ်မက်ဆိုးကြီးဖြစ်သလို အမြဲတမ်းရုန်းကန်လှုပ်ရှားနေရတဲ့ စွန့်စားခန်းကြီးတခုလည်းဖြစ်ပါတယ်။ ဘဝဆိုတာကြီးကို ဖွင့်ဆိုချက်တွေအများကြီးနဲ့ နှိုင်းယှဉ်ဖော်ပြကြပေမယ့် တကယ်တော့ ဘဝဆိုတာ ကျနော်တို့ရဲ့ ကိုယ်ပိုင်ရွေးချယ်မှုလမ်းကြောင်းပေါ်မူတည်ပြီး အဓိပ္ပါယ်သက်ရောက်မှုတွေကွဲပြားသွားတာတော့ ငြင်းဆိုလို့မရတဲ့ အမှန်တရားတခုဖြစ်ပါတယ်။

ဒီအခိုက်အတန့်တိုင်းမှာ ကျနော်တို့ရွေးချယ်ထားတဲ့ လမ်းကြောင်းတွေကို ဘယ်လိုမျိုးရှုမြင်သလည်းဆိုတာနဲ့ပတ်သတ်ပြီး ဘဝအပေါ်ခံယူထားတဲ့ အမြင်တွေကလည်း ပြောင်းလဲသွားပါတယ်။ ဒီတော့ “ဘဝ” ဆိုတာကြီးကို ဘယ်လိုနည်းလမ်းတွေနဲ့ အကောင်းဆုံးဖြတ်သန်းနိုင်မလဲဆိုတာကို အထောက်အကူဖြစ်စေမယ့် အချက် ၅ ချက်ကို ဖော်ပြပေးချင်ပါတယ်။

ဘယ်လိုအရာကို ချစ်မြတ်နိုးတယ်ဆိုတာကို ရှာဖွေပါ

ကျနော်တို့အများစုဟာ ကျနော်တို့ဝါသနာနဲ့မကိုက်ညီတဲ့ အလုပ်တွေကိုလုပ်ပြီး ရှင်သန်နေကြရပါတယ်။ တပတ်မှာ အနည်းဆုံး ၅ ရက် အလုပ်လုပ်ကိုင်ပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက်ကြိုးစားပေမယ့် ဘာတခုမှပိုပြီး ကောင်းမွန်လာတယ်လို့ မခံစားရပါဘူး။

ဒါဟာ ဘာကြောင့်လဲဆိုတော့ ကိုယ်ဝါသနာမပါတဲ့ အလုပ်တခုကို အသက်ရှင်သန်ဖို့အတွက်ရွေးချယ်လုပ်ကိုင်နေရတာကြောင့် မိမိကိုယ်ကို စိတ်ပျက်ခြင်း၊ နေ့စဉ်အလုပ်ဝတ္တရားတွေကို ငြီးငွေ့ခြင်း၊ အဆိုးဆုံးကတော့ ဒီအလုပ်ကနေနှုတ်ထွက်ပြီး ကိုယ်ဝါသနာပါတဲ့ အလုပ်ကိုရွေးချယ်လုပ်ကိုင်ဖို့ရာမဖြစ်နိုင်တဲ့အတွက် စိတ်ဓါတ်ကျခြင်း၊ နောင်တရခြင်း စတဲ့ စိတ်ဖိစီးမှုတွေကို ခံစားရတဲ့အကြောင့်ဖြစ်ပါတယ်။ တကယ်လို့သာ ကိုယ်အမှန်တကယ်ဝါသနာပါတဲ့ အလုပ်ကိုလုပ်ကိုင်နေရပါက ငြီးငွေ့မှုမရှိဘဲ တက်ကြွပျော်ရွှင်စွာနဲ့ လုပ်ကိုင်နိုင်စွမ်းရှိပါလိမ့်မယ်။

ဒါကြောင့်မို့ ဘယ်လိုအရာတွေကို စိတ်ဝင်စားသလည်းဆိုတာနဲ့ ဘယ်လိုအသက်မွေးဝမ်းကြောင်းမှုကို ရွေးချယ်ရမယ်ဆိုတာကို ရှင်းလင်းစွာသိထားသင့်ပါတယ်။

ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ

လူအများစုဟာ ကိုယ့်ကိုကိုယ်ဂရုစိုက်ဖို့ မစဉ်းစားကြပါဘူး။ သူတို့ဟာ ကိုယ်ခန္ဓာကျန်းမာရေးအတွက် အလေ့အကျင့်ကောင်းတွေရှိနိုင်ပေမယ့် စိတ်ကျန်းမာရေးကိုတော့လျစ်လျူရှုတတ်ကြပါတယ်။ အောင်မြင်တဲ့ ဘဝတခုကို လျောက်လှမ်းနိုင်ဖို့အတွက်ဆို ကိုယ်ခန္ဓာကျန်းမာရေး၊ စိတ်ကျန်းမာရေး နှစ်မျိုးစလုံးလိုအပ်ပါတယ်။ ဒါကြောင့်မို့ ဘဝအောင်မြင်တိုးတက်ဖို့အတွက် အထက်ပါအချက်နှစ်ချက်စလုံးကို ဂရုစိုက်ပေးသင့်ပါတယ်။

အများအကျိုးကို သယ်ပိုးပါ

အောင်မြင်တဲ့ဘဝကို တည်ဆောက်နိုင်ဖို့အတွက် ပျော်ရွှင်မှုဆိုတာ တကယ့်ကိုလိုအပ်ပေမယ့်လည်း ပျော်ရွှင်မှုရဲ့ သဘောသဘာဝကို ခွဲခြားသိမြင်နိုင်ဖို့တော့လိုအပ်ပါလိမ့်မယ်။ ကျနော်တို့တော်တော်များများဟာ မိမိရဲ့ ပျော်ရွှင်မှုကိုသာ ဦးစားပေးပြီး အတ္တဆန်စွာနေထိုင်တတ်ကြပါတယ်။ အများအကျိုးကို သယ်ပိုးဖို့၊ အားနည်းတဲ့သူတွေကို ကူညီဖေးမဖို့ မေ့လျော်နေတတ်ကြပါတယ်။ ဒီလိုမျိုးအပြုအမူဟာ မမှားဘူးဆိုပေမယ့် မှန်ကန်တဲ့အသက်ရှင်နေထိုင်မှုမျိုးတော့မဟုတ်ပါဘူး။ လူရယ်လို့ ဖြစ်လာခဲ့ရင် လူသားတယောက်ပီပီ လောကပတ်ဝန်းကျင်ကို ကိုယ်တတ်နိုင်သလောက် အကျိုးပြုဖို့၊ အလှဆင်ဖို့လိုအပ်ပါတယ်။ ဒါမှသာ အသက်ရှင်သန်နေထိုင်ရခြင်းရဲ့ အဓိပ္ပါယ်ဟာ ပိုပြီးပြည့်စုံပါလိမ့်မယ်။

ဘဝရဲ့ ပျော်ရွှင်မှုတွေကို ပိုပြီးခံစားပါ

ကျနော်တို့ ရှင်သန်နေထိုင်ရသမျှကာလပတ်လုံး ကျနော်တို့ရဲ့ မျှော်လင့်ချက်တွေဟာ ပျော်ရွှင်မှုကိုဘဲဦးတည်နေပါတယ်။ ပိုက်ဆံအများကြီးရှိချင်တာက အစပြုလို့ အေးချမ်းမှုကို ရှာဖွေတွေ့ရှိချင်တာအဆုံး အရာအားလုံးရဲ့ နောက်ဆုံးသောပန်းတိုင်ဟာ ပျော်ရွှင်မှုကိုဘဲ ဦးတည်နေပါတယ်။ ဒါကြောင့်မို့ ဘယ်လိုအရာမျိုးတွေနဲ့ဘဲ တွေ့ကြုံခံစားနေရပါစေ ပျော်ရွှင်ဖို့ကို မမေ့လျော်လိုက်ပါနဲ့။
ဘယ်လိုအခက်အခဲတွေနဲ့ဘဲ ကြုံတွေ့နေရပါစေ အပြုသဘောဆောင်တဲ့ အတွေးကို တွေးပြီး အတတ်နိုင်ဆုံးပျော်ရွှင်တဲ့စိတ်ကို မွေးမြူတာက ဘဝကြီးကို အထောက်အကူပြုနိုင်ပါလိမ့်မယ်။

comfort zone ကရုန်းထွက်ပါ

ကျနော်တို့တော်တော်များများက စွန့်စားဖို့ကြောက်ရွံ့တတ်ကြပါတယ်။ ကိုယ်လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်က အဆင်မပြေဘူးဆိုရင်တောင် နောက်ထပ်အလုပ်သစ်ကို ပြောင်းလဲဖို့ မဝံ့မရဲဖြစ်တတ်ကြပါတယ်။ ဒီထက်ဆိုးရွားတဲ့ အခြေအနေမျိုးတွေ တွေ့ကြုံလာရနိုင်တယ်ဆိုပြီး လက်ရှိအနေအထားကနေ ရုန်းမထွက်တတ်ကြပါဘူး။ လက်ရှိလုပ်နေတဲ့ အလုပ်က ကိုယ့်အတွက် လုပ်နေကြလည်းဖြစ်တယ်၊ သက်တောင့်သက်သာရှိတယ်ဆိုပြီး ကျေနပ်သာယာနေတတ်ကြပါတယ်။ ပုံမှန်လစာလေးယူပြီးတာဝန်သိပ်မကြီးတဲ့ အနေအထားမှာဘဲ ပျော်နေချင်ကြပါတယ်။

ပုံမှန်လစာလေးရပြီး သက်တောင့်သက်သာလေးနေရတာမကောင်းဘူးလားဆိုတော့ မကောင်းဘူးလို့ဘဲ ဖြေချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်အစွမ်းအစတွေ၊ ဖန်တီးနိုင်မှုအသိဉာဏ်တွေ “တုံးအ” သွားစေတဲ့အတွက်ကြောင့်ဘဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ပုံမှန်လေးဖြစ်နေတယ်ဆိုပြီး ဘဝကို ကျေနပ်ရောင့်ရဲမနေကြဖို့နဲ့ အခုဖော်ပြပေးတဲ့ အချက်အလက်တွေကို အသုံးချပြီး ကိုယ်ရဲ့ဘဝအောင်မြင်မှုကို တည်ဆောက်နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

Crd

Be the first to comment

Leave a Reply

Your email address will not be published.


*